ရီးယဲလ် မက်ဒရစ် နောက်ခံလူဟောင်း ဟေးဆုစ် ဗယ်လက်ဟိုက ဘရာဇီးလ်ကြယ်ပွင့် ရိုဒရီဂိုရဲ့ ခြေစွမ်းဟာ အသင်းက ကမ္ဘာကျော် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကီလီယန် ဘာပေ နဲ့ ဗီနီစီယပ်စ် ဂျူနီယာတို့ထက် အသာစီးရတဲ့ အချက်တစ်ချက်ရှိကြောင်း အံ့အားသင့်ဖွယ်ရာ ဝန်ခံပြောကြားလိုက်ပါတယ်။

မကြာသေးမီကမှ ရီးယဲလ် မက်ဒရစ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စပိန် ဒုတိယတန်းကလပ် အယ်လ်ဘာစီတီအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဗယ်လက်ဟိုက ဆန်းတို့စ် လူငယ်ကစားသမားဟောင်း ရိုဒရီဂိုရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အရည်အသွေးကို သူအလွန်သဘောကျမိပြီး ဒီအချက်မှာတော့ ဘာပေနဲ့ ဗီနီစီယပ်စ်တို့ထက်တောင် ပိုကောင်းတယ်လို့ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Tribuna

AS သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ဗယ်လက်ခိုကို နည်းစနစ်ပိုင်းအရ သူ့ကို အထင်ကြီးစေဆုံး ကစားသမားက ဘယ်သူလဲလို့ မေးမြန်းခဲ့ရာမှာ သူက “ရိုဒရီဂိုပါပဲ။ အသင်းငယ်လေးတွေခွဲပြီး အကွက်ကျဉ်း လေ့ကျင့်ခန်းတွေမှာဆိုရင် သူက မယုံနိုင်လောက်တဲ့ အရည်အချင်းတွေကို ပြသနိုင်ခဲ့တယ်။ ကျွန်တော် သူ့ကို အရမ်းသဘောကျမိတယ်။” လို့ ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူ့အနေနဲ့ ရိုဒရီဂိုကို ဗီနီစီယပ်စ်နဲ့ ဘာပေတို့ထက် ပိုသဘောကျတာလားလို့ မေးမြန်းရာမှာတော့ နောက်ခံလူ ဗယ်လက်ဟိုက “အဲ့ဒီ (နည်းစနစ်ပိုင်း) အချက်နဲ့ ပတ်သက်ရင်တော့ ဟုတ်ပါတယ်။ သူက တကယ်ကို ကောင်းမွန်ပြီး အထင်ကြီးလောက်စရာ ဘောလုံးအရည်အသွေးတွေကို ပိုင်ဆိုင်ထားပါတယ်။” လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

တစ်ဖက်မှာတော့ ရိုဒရီဂိုရဲ့ ဆန်တီယာဂို ဘာနေဗျူးက အနာဂတ်ဟာ မရေမရာဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီတောက်လျှောက် ပွဲထွက်လူစာရင်းမှာ သူ့ရဲ့နေရာက မှေးမှိန်လာခဲ့ပြီး နည်းပြသစ် ဇာဘီ အလွန်ဆိုလက်အောက်မှာ ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာဆိုရင် အသက်(၂၄)နှစ်အရွယ် တောင်ပံကစားသမားဟာ ပွဲချိန်စုစုပေါင်း မိနစ်(၁၀၀)တောင် မပြည့်ခဲ့ဘဲ ပြိုင်ပွဲတစ်လျှောက် (၆) ပွဲမှာ (၁)ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ သူ့ကို အာဆင်နယ် လီဗာပူးလ်နဲ့ ပီအက်စ်ဂျီတို့လို ကလပ်အသင်းတွေက ယခုနွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရီးယဲလ်အသင်းအနေနဲ့ ဒီဘရာဇီးလ်သားကို လက်လွှတ်လိုက်ရင် အမှားဖြစ်သွားမလားလို့ မေးမြန်းရာမှာတော့ ဗယ်လက်ဟိုက သူ့ရဲ့အမြင်ကို အခုလိုပဲ ပြောပါတယ်။ “ကျွန်တော်က မသက်ဆိုင်တဲ့ ကိစ္စတွေမှာ ဝင်မစွက်ဖက်ချင်ပါဘူး။ ဒါပေမဲ့ ရိုဒရီဂိုက သူ့ရဲ့အရည်အသွေးကို သက်သေပြခဲ့ပြီးသားဖြစ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ပြနိုင်ခဲ့တာပါ။ သူသာ သူ့ရဲ့ခြေစွမ်းအကောင်းဆုံးပုံစံကို ပြန်ရခဲ့မယ်ဆိုရင် လာမယ့်နှစ်ပေါင်းများစွာ ရီးယဲလ်အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာသင့်ပါတယ်။” လို့ ဆိုပါတယ်။