မနေ့ကတော့ မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ အင်တာနက်ပေါ်မှာ ပျံနှံနေတဲ့ ဝတ်စုံဒီဇိုင်းသစ်များကို ဖော်ပြခဲ့ပြီးတဲ့နောက်မှာ ဒီနေ့မှာ ကျန်ရှိနေတဲ့ နာမည်ကျော် ကလပ်အသင်းတွေရဲ့ ဝတ်စုံဒီဇိုင်းသစ်တွေကို ဆက်လက်ဖော်ပြပေးသွားပါဦးမယ်ခင်ဗျာ။ ဘယ်ပုံစံက သင်အတွက် အကြိုက်ဆုံးဖြစ်မလဲဆိုတာ ကြည့်ရှလေ့လာလိုက်ပါဦးခင်ဗျာ။

လီဗာပူးလ်

လီဗာပူးလ်ကတော့ လာမယ့်နှစ်မှာ New Balance ကနေ Nike ကို ပြောင်းလဲတော့မှာဖြစ်ပေမယ့် အိမ်ကွင်းဝတ်စုံဒီဇိုင်းကို သိပ်ပြီးအပြောင်းအလဲမလုပ်ပဲ လည်ပင်းပေါက်နဲ့ လက်ပေါက်တွေမှာသာ အစိမ်းရောင်အနည်းငယ်ကို ထည့်သွင်းဖွယ်ရှိပြီး အဝေးကွင်းဝတ်စုံကိုလည်း အဝါရောင် ဒါမှမဟုတ် အစိမ်းရောင်နဲ့ ပုံဖော်ဖွယ်ရှိနေပါတယ်။ အင်တာနက်ပေါ်မှာ ထွက်ပေါ်နေတဲ့ လီဗာပူးလ်ရဲ့ လာမယ့်နှစ်အတွင်း ဝတ်ဆင်မယ့်ဒီဇိုင်းက (၄)မျိုးအထိကို ရှိနေပါတယ်။

မန်စီးတီး

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးကတော့ လက်ရှိမှာ အဝေးကွင်းဝတ်စုံသစ်(၂)ခုသာ ထွက်ပေါ်လို့နေပြီး ဘက်တီးရီးယားပုံစံ ပုံဖော်ထားတဲ့ တတိယမြောက်ဝတ်စုံကတော့ ပရိသတ်တွေ စိတ်ပျက်ရလောက်အောင် ဒီဇိုင်းက အူကြောင်ကြောင်နိုင်နေပါတယ်။ နောက်ထပ် ဝတ်စုံမှာလည်း အမည်းနဲ့နက်ပြာရောင်ကို အသားပေးပြီး မန်ချက်စတာဒေသမှာ တွေ့ရတတ်တဲ့ အဆောက်အဦးပုံစံတွေကို ပုံဖော်ထားတဲ့ဒီဇိုင်းဖြစ်လို့ ပရိသတ်တွေ စိတ်တိုင်းမကျဖြစ်နေရပါတယ်။

ဘာစီလိုနာ

အင်တာနက်ပေါ်မှာ ထွက်ပေါ်နေတဲ့ ဘာစီလိုနာဝတ်စုံဒီဇိုင်းတွေထဲကမှ အိမ်ကွင်းဝတ်စုံဒီဇိုင်းကို ပရိသတ်တွေ သဘောကျနေကြပြီး ဒီနှစ်ရာသီမှာ ဝတ်ဆင်ရတာထက်ကို ပိုဆွဲဆောင်မှုရှိမယ်လို့ ယုံကြည်နေကြပါတယ်။ ဒါပေမယ့် အဝေးကွင်းဝတ်စုံကတော့ လုံးဝပန်းရောင်ဖြစ်နေတဲ့အတွက် ပရိသတ်တိုင်းကတော့ နှစ်သက်ကြမှာတော့ မဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ်

ရီးရဲလ်ကလည်း ဘာစီလိုနာလိုပဲ အဝေးကွင်းဝတ်စုံကို ပန်းရောင်တစ်ပြင်လုံး ပုံဖော်ထားသလို တတိယမြောက်ဝတ်စုံမှာလည်း စပွန်ဆာစာသားနဲ့ အသင်းအမှတ်တံဆိပ်နေရာတွေကို ပန်းရောင်နဲ့ ဖန်တီးလို့ထားပါတယ်။ သူတို့ရဲ့အိမ်ကွင်းဝတ်စုံမှာတော့ လက်ပေါက်နေရာမှာ ပန်းရောင်နဲ့အမည်းရောင်တို့ကြား မြင်းကျားပုံစံလေးနဲ့ ဖန်တီးထားပြီး အမြင်ရှင်းရမယ့်ပုံစံမျိုးနဲ့ ပြုလုပ်ထားပါတယ်။