ဒီနေ့ဇွန်လ(၁၃)ရက်နေ့ စနေနေ့မှာတော့ ဂျာမန်ဘွန်ဒစ်လီဂါ ပွဲစဉ်(၃၁)ရဲ့ ပွဲတစ်ပွဲဖြစ်တဲ့ တန်းဆင်းဇုန်အတွင်းက ဒစ်ဆယ်ဒေါ့ဖ်အသင်းနဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယအသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အတော်လေးကို အကြိတ်အနယ်ရှိခဲ့သလို ဧည့်သည်ဒေါ့မွန်အသင်းက နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဒေါ့မွန်အသင်းဟာ သူတို့ပုံမှန်သုံးနေကြ လူစာရင်းဖြစ်တဲ့ ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ကာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ တိုက်စစ်မှူးဟာလန်းကို အရန်စာရင်းမှာ ထည့်သွင်းလာခဲ့ပြီး သော်ဂန်ဟာဇက် ဆန်ချို ဘရန့် ဝစ်ဆယ် အမ်မရီချန် ဟာခီမီ ဂွာရဲလ်ရိုး အကန်ဂျီ ဟမ်းမဲလ် ပစ်ရှက် ဘာကီတို့ကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းအတွင်းမှာ ဒေါ့မွန်အသင်းက ဖိအားပေးကစားနိုင်ခဲ့လို့ အိမ်ရှင်တို့ ဘာမှပြန်မလုပ်နိုင်ခဲ့ပေမယ့် ဒေါ့မွန်ကလည်း တိုက်စစ်ဆင်ရာမှာ ထိရောက်မှုအားနည်းနေလို့ သွင်းဂိုးမရခဲ့လို့ ဟာခီမီရဲ့ဂိုးရနိုင်လောက်တဲ့ ထိုးဖောက်မှုကိုလည်း ဒစ်ဆယ်ဒေါ့ဖ်ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းတော့ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့လိုနေတဲ့ အိမ်ရှင်အသင်းရဲ့ ရုန်းအားကောင်းကောင်းကို မြင်တွေ့လာခဲ့ပြီး ဒေါ့မွန်ခံစစ်ကို အတော်လေး အလုပ်ရှုပ်စေခဲ့ရပါတယ်။ သွင်းဂိုးရရှိဖို့ လိုအပ်နေတဲ့ ဒေါ့မွန်က (၆၁)မိနစ်အရောက်မှာ ဟာလန်းကို ထည့်သွင်းလာခဲ့ပြီး နောက်(၄)မိနစ်အကြာမှာ ဒေါ့မွန်တို့ တောင်ပံကစားသမား ဂွာရဲလ်ရိုးက အဖွင့်ဂိုးစတင်ပိုင်ဆိုင်ခဲ့ရပြီး ကံဆိုးချင်တော့ VAR နဲ့ သွင်းဂိုးကို ပြန်လည်စစ်ဆေးရာမှာ လက်ထိနေခဲ့တယ်ဆိုကာ သွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ ဒေါ့မွန်ထက် အိမ်ရှင်အသင်းက ဖိအားပေးမှုတွေကို ပိုမိုလုပ်ဆောင်နိုင်ခဲ့ပြီး ဂိုးရဖို့ အတော်လေးကို နီးစပ်ခဲ့ပေမယ့် ဒေါ့မွန်က နောက်ဆုံးမိနစ်မှာ ဟာလန်းရဲ့ခေါင်းတိုက်ဂိုးနဲ့ အနိုင်(၃)မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။