နယ်သာလန်လူမျိုး ဘောလုံးသမား ဘောလုံးနည်းပြဟောင်းကြီး ယိုဟန်ခရိုက်ဖ်ကို ဘောလုံးဝါသနာအိုးတိုင်း သိရှိကြလိမ့်မယ်လို့ ထင်မိပါတယ်။ ဘောလုံးနည်းစနစ်နဲ့ပတ်သက်လို့ သူ့လို အရည်အချင်းပြည့်ဝလှတဲ့ ပါရမီရှင်မျိုးက ဘောလုံးနယ်ပယ်အတွင်းမှာ ရှားရှားပါးပါးဖြစ်ပြီး ဘောလုံးသမားဘဝမှာရော နည်းပြဘဝမှာပါ အောင်မြင်မှုတွေကို တပြုံတခဲကြီး ပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီဂုရုကြီးအကြောင်း ရေးသားမယ်ဆိုရင် တစ်ပုံကြီးပဲ ရေးလို့တောင် ကုန်နိုင်မယ်မထင်ပါဘူး။ ဆိုတော့ သူ့အကြောင်းတွေထဲကမှ ဘာစီလိုနာအသင်းနဲ့ ပတ်သက်တာလေးတွေကိုပဲ MySport Myanmar ပရိသတ်တွေအတွက် တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : La Liga

နယ်သာလန်တိုက်စစ်ကစားသမားဟောင်း ခရိုက်ဖ်က အေဂျက်စ်ကနေ ဘာစီလိုနာအသင်းဆီကို ၁၉၇၃ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီး အသင်းနဲ့ နှစ်ပေါင်း(၁၄)နှစ်ကြာအောင် ဝေးကွာလို့နေတဲ့ စပိန်လာလီဂါဖလားကို အရယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနှစ်ပိုင်းအတွင်းမှာပဲ ခရိုက်ခ်က ဘလွန်းဒီအောဆုကို (၂)နှစ်ဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့သလို ဘာစီလိုနာအသင်းမှာ (၅)ရာသီအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ ၁၉၈၄ခုနှစ်မှာတော့ ခရိုက်ဖ်က ကစားသမားဘဝကနေ အနားယူလိုက်ပြီး တစ်နှစ်အကြာမှာပဲ နည်းပြနယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ကာ ၁၉၈၈ခုနှစ်မှာပဲ ဘာစီလိုနာအသင်းရဲ့ နည်းပြတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : La Liga

ကစားသမားဘဝမှာကတည်းက ဘာစီလိုနာကို အထောက်အပံ့ကောင်းတွေ ဖန်တီးပေးခဲ့တဲ့ ယိုဟန်ခရိုက်ဖ်က အသင်းကို နည်းပြအဖြစ် ရောက်ရှိလာချိန်မှာ ကစားသမားဘဝထက်တောင် အသင်းအတွက် ပိုမိုအကျိုးပြုခဲ့ကာ စပိန်လာလီဂါဆုဖလားကို (၄)နှစ်ဆက်တိုက်ပါ ရယူနိုင်ခဲ့ပါတယ်။ လာလီဂါဆုဖလားသာမကပဲ ကိုပါဒယ်ရေး စပိန်စူပါဖလားတွေနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကိုပါ ဆက်လက်ရယူပေးခဲ့ပါသေးတယ်။ အသင်းအတွက် အောင်မြင်မှုပေါင်းများစွာ ရယူခဲ့တဲ့ ခရိုက်ဖ်ရဲ့ နည်းစနစ်တွေ နည်းပြပိုင်း အတွေးအခေါ်တွေဟာ ဘယ်လောက်ထိတောင် အောင်မြင်ခဲ့သလဲဆိုရင် ကမ္ဘာကျော် နည်းပြတွေဖြစ်တဲ့ ဖာဂူဆန် အာဆင်ဝင်းဂါး ဂွာဒီယိုလာ အန်ဆာလော့တီတို့ဆီကိုပါ သူရဲ့ အတွေးအခေါ်တွေ အိုင်ဒီယာတွေ စိမ့်ဝင်ခဲ့ရတဲ့အထိပါပဲ။ ခရိုက်ဖ်ရဲ့ အောင်မြေတွေဖြစ်ခဲ့တဲ့ အေဂျက်စ်နဲ့ ဘာစီလိုနာအသင်းတွေဟာဆိုရင် ခရိုက်ဖ်ချမှတ်ခဲ့တဲ့ နည်းစနစ်တွေအတိုင်း လူငယ်ဘောလုံးသမား ပြုစုပျိုးထောင်ရေးတွေကို အသေအချာ လုပ်ဆောင်ခဲ့လို့ ဒီအသင်းတွေအတွက် ဘယ်လောက်အကျိုးရှိခဲ့လဲဆိုတာ အားလုံးအမြင်ပါပဲ။ ဒီလို ဘောလုံးလောကအတွက် ထူးခြားပြောင်မြောက်ခဲ့တဲ့ ခရိုက်ဖ်ဟာ အသက်(၆၈)နှစ်အရွှယ်မှာပဲ သေဆုံးသွားခဲ့ရပါတယ်။