ဒီတစ်ပတ် ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်(၃၁)ရဲ့ အကောင်းဆုံးသောပွဲစဉ်ဖြစ်တဲ့ အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေတဲ့ မိုချန်ဂလာဘတ်အသင်းတို့ရဲ့ပွဲစဉ်ကို ည(၁၁)နာရီအချိန်မှာ ယှဉ်ပြိုင်ကစားစေခဲ့ပြီး ဘိုင်ယန်က ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးနဲ့ မိုချန်အသင်းကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အိမ်ရှင်ဘိုင်ယန်ကတော့ လီဝန်ဒေါစကီးနဲ့မူလာတို့ ပွဲပယ်ခံထားရတာကြောင့် လူစာရင်းကို အပြောင်းအလဲ လုပ်ဆောင်လာခဲ့ပြီး နာဘရီ ဂေါ်ရက်ဇ်ကာ ကင်မစ်ချ် ပါရီဆစ် အာလာဘာ ဘိုတန် ပါဗာ နူအာတို့နဲ့အတူ လူငယ်ကစားသမားလေးတွေဖြစ်တဲ့ ကူရယ်ဆန်နဲ့ ဇီယာကီတို့ကိုပါ တွဲဖက်အသုံးပြုလာခဲ့ပါတယ်။ ဧည့်သည်မိုချန်ကလည်း သူရမ် ဟာမန်း စတင်ဒယ်တို့နဲ့ တိုက်စစ်ကို ပွဲထွက်လာခဲ့ပေမယ့် အဓိကတိုက်စစ်မှူးသူရမ်က ပွဲအစပိုင်းမှာပဲ ဒဏ်ရာရသွားခဲ့လို့ မိုချန်တို့ နစ်နာခဲ့ရပြီး အမ်ဘိုလိုနဲ့ လူစားလဲခဲ့ရပါတယ်။ ဒါ့အပြင် (၁၆)မိနစ်မှာ ပိုင်ဆိုင်ခဲ့တဲ့ ဟော့ဖ်မန်းရဲ့ အဖွင့်ဂိုးမှာလည်း VAR နဲ့ ပြန်လည်စစ်ဆေးရာမှာ လူကျွံနေခဲ့တဲ့အတွက် မိုချန်တို့ ထပ်ပြီးနစ်နာခဲ့ရပြန်ပါတယ်။ ပွဲချိန် (၂၆)မိနစ်မှာ မိုချန်ဂိုးသမားရဲ့ မမှားသင့်တဲ့အမှားကနေ ဘိုင်ယန်တို့ကို သွင်းဂိုးခွင့်ပြုလိုက်ရပါတယ်။ ဂိုးကိုတော့ ဆယ်ကျော်သက်ကစားသမားလေး ဇီယာကီက သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် မိုချန်ရဲ့ထိုးဖောက်မှုတွေကို ဘိုင်ယန်ဘက်ကနေ လိုက်လံဟန့်တားရင်း (၃၇)မိနစ်မှာ ပါဗာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့လို့ သရေကျခဲ့ရပါတယ်။

ပထမပိုင်းထဲက အကြိတ်အနယ်ရှိခဲ့တဲ့ ဒီနှစ်သင်းဟာ ဒုတိယပိုင်းမှာလည်း အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး ဘိုင်ယန်ကလည်း ဒေးဗီစ်နဲ့ကိုးမန်းတို့ကို ထည့်သွင်းအသုံးပြလာခဲ့လို့ တိုက်စစ်က ပိုမြိုင်လာခဲ့ပါတယ်။ ဒါပေမယ့် မိနစ်(၈၀)နား ရောက်လာချိန်ထိ နောက်ထပ်သွင်းဂိုးတွေ ထပ်မံမြင်တွေ့ရလောက်မယ့် ထိုးဖောက်မှုမျိုးကို နှစ်သင်းလုံး ပုံမဖော်နိုင်ခဲ့သလို ဂိုးရဖို့ ခက်ခဲနေခဲ့ရပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာတော့ ကွင်းလယ်တိုက်စစ်ကစားသမား ဂေါ်ရက်ဇ်ကာက ဘိုင်ယန်အတွက် အဖိုးတန်သွင်းဂိုးကို ရယူပေးခဲ့လို့ (၂)ဂိုး(၁)ဂိုးနဲ့ ကပ်အနိုင်ရသွားခဲ့ပါတယ်။