ကိုရိုနာဗိုင်းရပ်စ် Coivd-19 ကူးစက်ရောဂါပိုးကြောင့် ဘောလုံးပြိုင်ပွဲတွေကို ရပ်နားထားခဲ့ရတာဟာ (၂)လနီးပါးလောက်အထိ ကြာမြင့်လာပြီးနောက်မှာ ပြင်သစ်လီဂူးနဲ့ နယ်သာလန်အမှတ်ပေးလိဂ်ပြိုင်ပွဲတို့ကတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ရပ်နားလိုက်ဖို့ကိုပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲကတော့ မကြာခင်ရက်ပိုင်းမှာပဲ ပြန်လည်စတင်တော့မှာဖြစ်သလို စပိန်လာလီဂါနဲ့ အခြားသော အမှတ်ပေးလိဂ်ပြိုင်ပွဲတွေကလည်း မကြာခင်မှာပဲ အားလုံးပြန်လည်ကျင်းပနိုင်အောင် စီစဉ်နေကြလျက်ရှိပါတယ်။

ဒီလို ကိုရိုနာဗိုင်းရပ်စ်ဖြစ်ဆဲကာလမှာ ဘောလုံးပွဲတွေကို ပြန်လည်စတင်ဖို့အတွက် စည်းကမ်းချက်တွေကို အတိအကျ လိုက်နာနိုင်ဖို့ လိုအပ်နေပြီး ကွင်းအတွင်းကို ပရိသတ်တွေလည်း လာရောက်ကြည့်ရှခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းရဲ့ ဝါရင့်နောက်ခံလူကြီး ပီကေးက “ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်နိုင်မယ့် ကိရိယာတွေကို လူတိုင်းက ကြိုဆိုနေကြမှာပါ။ ဒါတွေက ကိုရိုနာဗိုင်းရပ်စ်ကို ကြောက်လှန့်နေသူတွေနဲ့ စိုးရိမ်ကြောင့်ကြနေသူတွေအတွက် စိတ်သက်သာရာ ရောက်စေမှာပါ။ လူတိုင်းက ဒီကူးစက်ရောဂါကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိရှိထားဖို့လိုတယ်။ ဒါက အရေးကြီးတယ်လေ”

“ကျွန်တော်တို့ကတော့ ဘောလုံးပွဲတွေကို ပရိသတ်တွေ မပါဝင်ပဲ ယှဉ်ပြိုင်ကစားရဖို့ကို သဘောမကျပါဘူး။ ဘယ်ဘောလုံးသမားကလည်း ဒီလိုဘောလုံးကစားရမှာကို နှစ်သက်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီလိုမှမလုပ်ရင်လည်း ဘောလုံးရာသီတစ်ခုကို အဆုံးသတ်လိုက်ဖို့ပဲ ရှိတယ်လေ။ လာလီဂါပြိုင်ပွဲကတော့ အရာရာကို စဉ်းစားချင့်ချိန်ပြီးမှ ဘောလုံးပွဲတွေကို ပြန်စဖို့ ဆုံးဖြတ်မယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ အရာအားလုံး အကောင်းအတိုင်းပြန်ဖြစ်လာဖို့နဲ့ ကူးစက်မှုတွေ အားလုံးပပျောက်သွားဖို့ကိုလည်း မျှော်လင့်ပါတယ်။ ဒီလိုသာ ပြန်ဖြစ်လာရင်တော့ ဘောလုံးပွဲတွေကို စိတ်အေးအေးနဲဲ့ ပြန်စတင်နိုင်တော့မှာပါ။ ဒါပေမယ့် အခုက ကျွန်တော်တို့ ဘောလုံးမကစားရတာ အချိန်အတော်ကြာသွားခဲ့ပြီ။ လေ့ကျင့်ရေးသာဆင်းနေရပြီး ပုံမှန်ဘောလုံးရာသီတစ်ခုလို ခြေစမ်းပွဲတွေတောင် မကစားရဘူး။ ဆိုတော့ ဒီအခြေအနေမှာ ကျွန်တော်တို့တွေက အရာရာကို ပြင်ဆင်ထားသင့်တယ်။ ထိခိုက်ဒဏ်ရာတွေမရအောင်နဲ့ ပြိုင်ပွဲဝင်လိုစိတ်တွေ တတ်ကြွလာအောင် ပြင်ဆင်ထားသင့်တယ်” လို့ ပီကေးက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။