ဒီနေ့ ညနေ(၆)နာရီအချိန်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ရဲ့ တတိယမြောက်ပွဲစဉ်အဖြစ် တန်းဆင်းဇုန်ကနေ အလွတ်ရုန်းထွက်နေတဲ့ ဝက်ဖိုဒ့်အသင်းနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်ဖို့ တိုက်ပွဲဝင်နေရတဲ့ လက်စတာအသင်းတို့ ရင်ဆိုင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး နောက်ဆုံးမိနစ်မှာ အပြန်အလှန် သွင်းယူခဲ့တဲ့ဂိုးတွေကြောင့် တစ်ဖက်ကိုတစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဝက်ဖိုဒ့်အသင်းဘက်မှာတော့ အသင်းခေါင်းဆောင်ဒီနေး ပါရေးရား ဒူကိုရီ ကာပိုးလ် အစ္စမိုင်လာဆားလ် ကာဘာဆယ်လီ ဖော်စတာတို့လို အမာခံကစားသမားအစုံအလင် အသုံးပြုလာခဲ့သလို အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှာရှိနေတဲ့ လက်စတာအသင်းကလည်း ဗာဒီ မက်ဒီဆန် အီဗန်စ် အယ်ဘရိုက်တန် တိုင်လေမန်းစ် ချီဝဲလ် ဟာဗေးဘမ်းတို့လို အဓိက ကစားသမားများနဲ့ ပွဲထွက်လာခဲ့ပါတယ်။ နည်းပြပီယာဆန်လက်ထက် ရလဒ်တွေ ပြန်လည်ကောင်းမွန်ထားတဲ့ ဝက်ဖိုဒ့်အသင်းဟာ ပထမပိုင်းမှာ လက်စတာလောက် တိုက်စစ်ကို အသားပေးမကစားနိုင်ခဲ့ပဲ ခံစစ်ကိုပဲ အာရုံစိုက်ခဲ့ပေမယ့် သူတို့အသင်းရဲ့ တချက်တချက် ပြန်လည်ထိုးဖောက်မှုတွေက လက်စတာထက် ပိုထိရောက်ခဲ့သလို လက်စတာဆိုရင် ပထမပိုင်းမှာ ဂိုးပေါက်တစ်ကြိမ်မှ မတည့်မတ်နိုင်ခဲ့ပါဘူး။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း အိမ်ရှင်အသင်းဘက်ကနေ တိုက်စစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ဆားလ်အပိုင်ကန်ချက် ရှမိုက်ကယ်ကာကွယ်နိုင်ခဲ့လို့ ဝက်ဖိုဒ့်တို့ အဖွင့်ဂိုးရနိုင်မယ့် အခြေအနေကနေ လွဲချော်ခဲ့ရပါတယ်။ မိနစ်(၆၀)ကျော်လာချိန်မှာတော့ လက်စတာဘက်က ဒီမာရိုင်းဂရေးကို ထည့်သွင်းလာခဲ့သလို ဝက်ဖိုဒ့်ဘက်ကလည်း တိုက်စစ်မှူးဝဲလ်ဘတ်ကို ထည့်သွင်းခဲ့ပါတယ်။ ဂရေးဝင်လာပြီးနောက်ပိုင်းမှာ လက်စတာတိုက်စစ် အားကောင်းလာခဲ့ပြီး ဂိုးဝင်နိုင်လောက်တဲ့ ကန်ချက်တွေကိုပါ ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ပွဲပြီးဖို့ တစ်မိနစ်လောက်အလိုမှာ ညာတောင်ပံကနေ ဂရေးဖြတ်တင်ပေးလိုက်တာကို ဘယ်နောက်ခံလူချီဝဲလ်က လှပတဲ့ကန်ချက်နဲ့ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပိုမှာ ဒေါ်ဆန်က အိမ်ရှင်အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူခဲ့တာကြောင့် သရေနဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။