နယူးကာဆဲလ်အသင်းကတော့ မကြာခင်မှာ ဘီလီယံသူဌေးကြီးတစ်ဦး တည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းစုကြီးလက်အောက်ကို ရောက်ရှိတော့မှာဖြစ်လို့ ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းကြီးတွေလို ငွေကြေးသုံးစွဲမှုတွေကို များစွာပြုလုပ်နိုင်တော့မှာဖြစ်ပြီး ထိပ်တန်းကြယ်ပွင့်ကစားသမားတွေကိုပါ ခေါ်ဆောင်လာနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် နယူးကာဆဲလ်ဟာ လက်ရှိနည်းပြ စတိဖ်ဘရုစ်ရဲ့နေရာမှာလည်း ပိုချက်တီနို ဒါမှမဟုတ် အယ်လီဂရီတို့လို ထိပ်တန်းနည်းပြတစ်ဦးဦးနဲဲ့ပါ အစားထိုးခန့်အပ်ဖွယ်လည်း ရှိလို့နေပါတယ်။

 

မကြာခင် ပိုင်ရှင်အသစ် ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ရဲ့လက်အောက်ကို ရောက်ရှိတော့မယ့် နယူးကာဆဲလ်အသင်းဟာ ကစားသမားသစ်တွေကို အားဖြည့်သွားဖို့ရှိနေသလို နည်းပြပိုင်းကိုလည်း ပိုချက်တီနို အယ်လီဂရီတို့လို ကမ္ဘာကျော်နည်းပြတွေနဲ့ အစားထိုးဖို့ရှိနေပါတယ်။ တကယ်လို့သာ နယူးကာဆဲလ်အနေနဲ့ စပါးနည်းပြဟောင်းပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခဲ့မယ်ဆိုရင်တော့ အသင်းက ပိုကောင်းတဲ့ပုံစံတစ်ခုကို ရလာမှာဖြစ်တဲ့အပြင် ထိပ်တန်းကစားသမားတွေ အသင်းကို လာရောက်ကစားနိုင်အောင် စွဲဆောင်နိုင်လိမ့်မယ်လို့ ဘာဘာတော့က ထင်ကြေးပေးပြောဆိုလာခဲ့ပါတယ်။

ဘာဘာတော့က “တကယ်လို့ ကောလဟာလတွေသာ မှန်ကန်ခဲ့မယ်ဆိုရင် နယူးကာဆဲလ်အနေနဲ့ ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သင့်ပါတယ်။ ဒါဆိုရင်တော့ သူတို့အသင်းအတွက် အလွန်ကောင်းတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လာပါလိမ့်မယ်။ ပိုချက်သာ နယူးကာဆဲလ်ကို ရောက်ရှိလာမယ်ဆိုရင် ထိပ်တန်းကစားသမားတွေကိုလည်း ပစ်မှတ်ထားလာနိုင်တော့မှာပါ။ ပိုချက်တီနိုလို နည်းပြမျိုးကြောင့် ကြယ်ပွင့်ကစားသမားတွေအနေနဲ့ ဒီအသင်းမှာ လာရောက်ကစားဖို့ စိတ်ဝင်စားလာကြမှာ သေချာတယ်။ ကျွန်တော်ထင်တယ် နယူးကာဆဲလ်အသင်း ခေါ်ယူချင်နေတဲ့ ကစားသမားတွေထဲမှာ ဂါရတ်ဘေးလ် ပါဝင်နေမယ်ဆိုတာ။ တကယ်လို့ ပိုချက်တီနိုသာ နည်းပြသစ်ဖြစ်လာမယ်ဆိုရင်တော့ ဘေးလ်ကိုခေါ်ယူဖို့ဆိုတာလည်း ဖြစ်လာနိုင်ပါတယ်။ ပိုချက်တီနိုကသာ နယူးကာဆဲလ်အတွက် အသင့်တော်ဆုုံးပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ နယူးကာဆဲလ်ဟာ ပိုချက်တီနိုထက် အယ်လီဂရီကိုသာ နည်းပြသစ်ခန့်အပ်ဖို့ ပိုနီးစပ်လို့နေပါတယ်။