ငွေကြေးကြွယ်ဝမှု များစွာရှိတဲ့ ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့အတူ အခြားသော ကြွယ်ဝချမ်းသာလှတဲ့ သူဌေးကြီးတွေ အတူတကွ ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းစုကြီးတစ်ခုကနေ ပေါင်သန်း(၃၅၀)နဲ့ ဝယ်ယူခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းဟာ အခုလက်ရှိအချိန်မှာတော့ မမျှော်လင့်ပဲ သူတို့အသင်းကို ဝယ်ယူသွားမယ့် ဝယ်လက်အပြောင်းအလဲဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေပါတယ်။

Photo Credit : Daily Mail

အငြင်းပွားစရာ ကိစ္စရပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဆော်ဒီမင်းသားရဲ့လုပ်ငန်းစုဟာ နယူးကာဆဲလ်အသင်းကို အပြီးသတ်ဝယ်ယူနိုင်ဖို့အရေးမှာ ကြန့်ကြာမှုတွေရှိနေတဲ့အတွက် ဒီအခြေအနေတွေကို အခွင့်ကောင်းယူနိုင်ဖို့ အမေရိကန်နိုင်ငံသား ဘီလျံနာတစ်ဦးက နယူးကာဆဲလ်ကို အလျင်အမြန် ဝယ်ယူသွားဖွယ်ရှိနေပါတယ်။ ဟင်နရီမောရက်စ်လို့ခေါ်တဲ့ Clear TV မီဒီယာလုပ်ငန်းကြီးရဲ့ စီးအီအိုဖြစ်တဲ့ သန်းကြွယ်သူဌေးကြီးက နယူးကာဆဲလ်အသင်းရဲ့ ပိုင်ရှင်အသစ်ဖြစ်လာဖို့ စိတ်ဝင်စားလို့နေပြီး လက်ရှိပိုင်ရှင် မိုက်အက်ရှ်လေဘက်ကနေ သတ်မှတ်ထားတဲ့ ပေါင်သန်း(၃၅၀)နဲ့ ဝယ်ယူဖွယ်ရှိနေပါတယ်။

Photo Credit : The Guardian

သူဌေးကြီးမောရက်စ်ကတော့ သူ့လိုပဲ အမေရိကန်သူဌေးများဖြစ်ကြတဲ့ ဂျွန်ဟင်နရီနဲ့ တွမ်ဝါနာ(လီဗာပူးလ်အသင်းရဲ့ ပိုင်ရှင်များ)ရဲ့ ခြေလှမ်းအတိုင်း ဘောလုံးတစ်သင်းကို ဝယ်ယူပြီး ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဆောင်သွားဖို့ စိတ်ဝင်စားလာခဲ့တာကြောင့် အခုလို နယူးကာဆဲလ်အသင်းကို ချဉ်းကပ်လာခဲ့ရတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ သူဌေးကြီးမောရက်စ်က စပါးအသင်းကို အားပေးသူလည်းဖြစ်ပြီး သူ့အတွက် သိပ်မစိမ်းလှတဲ့ ပရီးမီးယားလိဂ်နယ်ပယ်အတွင်းမှာ အထင်ကရ အသင်းပိုင်ရှင်တစ်ဦးအဖြစ် ဝင်ရောက်လာဖို့ အသင့်ရှိနေတဲ့အပြင် နယူးကာဆဲလ်ကို ဝယ်ယူနိုင်ခဲ့ပြီဆိုရင်လည်း လီဗာပူးလ်အသင်းပိုင်ရှင်တွေလို အသင်းအတွက် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွှက်ပေးသွားဖွယ် ရှိလာနိုင်ပါတယ်။ လက်ရှိမှာတာ့ နယူးကာဆဲလ်အသင်းဟာ ပိုင်ရှင်အပြောင်းအလဲဖြစ်ဖို့ အနည်းငယ်ကြန့်ကြာနေသေးတာကြောင့် စပါးနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်မယ့်ကိစ္စမှာပါ ပြန်လည်တည်ငြိမ်သွားခဲ့ရပါတယ်။